fbpx

မုန့်လက်ကောက်ကြော်

မုန့်လက်ကောက်ကြော်

myanmar snack

မုန့်လက်ကောက်ကြော်ကို အပြင်မှာဝယ်စားရင် ဆီ သန့် မသန့်စိတ်ပူရတာရယ် မုန့်မှာ ဆန်ကြမ်းများရင် မာတောင့်တောင့်နဲ့ဆိုရင် စားရတာ အရသာသိပ်မတွေ့တာမို့ ကျမကတော့ အိမ်မှာပဲ ကိုယ့်စိတ်ကြိုက်လုပ်စားလေ့ရှိတယ်။ မု့န်လက်ကောက်မှာပါဝင်တဲ့ ပါဝင်ပစ္စည်းတွေကလည်း လွယ်လွယ်ကူကူပဲ ဈေးမှာသော်လည်းကောင်း City Mark တွေမှာလည်း အလွယ်တကူဝယ်လို့တယ်ဆိုတော့လေ။ ဒါ့ကြောင့် ဟင်းချက်ဝါသနာရှင်တွေအတွက်လည်း အိမ်မှာ မြန်မာ့ရိုးရာစားစရာမုန့်တစ်မျိုးဖြစ်တဲ့ မုန့်လက်ကောက်ကို အိမ်မှာလုပ်စားလို့ရအောင် မုန့်လက်ကောက်ပြုလုပ်နည်းလေးကိုဝေမျှချင်ပါတယ်။

  1. အခုတင်ပြတဲ့ ပါဝင်ပစ္စည်း ထည့်တဲ့အချိုးကတော့ မိသားစု ၃/၄ယောက်စာ စားဖို့အတွက် မုန့်လုပ်ရာမှာထည့်တဲ့ ပါဝင်ပစ္စည်းအချိုးအဆပဲဖြစ်ပါတယ်။ မုန့်လက်ကောက် လုပ်မယ်ဆိုရင် အောက်မှာဖော်ပြထားတဲ့ ပါဝင်ပစ္စည်းတွေလိုအပ်မှာဖြစ်ပါတယ်-
  • ကောက်ညှင်းမှုန့် ဟင်းစားဇွန်း(၈)ဇွန်း
  • ဆန်မှုန့်အစိမ်း ဟင်းစားဇွန်း(၄)ဇွန်း
  • ထန်းလျက်(၈)လုံး
  • ဆီ ဟင်းစားဇွန်း (၁၀)ဇွန်း
  • ဆားအနည်းငယ် လိုအပ်မှာ ဖြစ်ပါတယ်။
  1. ပထမဆုံး ကောက်ညှင်းမှုန့်နဲ့ ဆန်မှုန့်နဲ့ ဆားအနည်းငယ်တို့ကို ခွက်တစ်ခုထဲရောထည့်ပြီး ရေအေး အနည်းငယ်ဖြင့် သမအောင်နယ်ပါ။ (ကောက်ညှင်းမှုန့် ဆန်မှုန့်ထဲကို အစကတည်းက ရေအများကြီး မထည့်သင့်ပါဘူး။ ရေအများကြီးထည့်မိရင် ပျော့ပြဲပြီး နယ်လို့မကောင်းလို့ ဆန့်မှုန့်တွေထည့်လိုက် ကောက်ညှင်းမှုန့်တွေ ထည့်လိုက်နဲ့ မုန့်တွေအများကြီးဖြစ်သွားတတ်ပါတယ်။ သတိထားရမှာက ကောက်ညှင်း(၂)ဆ၊ ဆန်မှုန့် (၁)ဆ ထည့်ရမှာပါနော်။)
  2. မုန့်နယ်တဲ့အချိန်မှာ ရေနည်းနည်းထည့်လိုက် နယ်လိုက်လုပ်ပေးရမှာပါ ။ ၁၅မိနစ်လောက် နယ်ပြီူတဲ့အချိန်မှာ မုန့်သားက မပျော့မမာ အနေအထားရပြီဆိုရင်တော့ မုန့်တစ်ခုစာ အလုံးလေးတွေလုံးပြီးထားပါ။
  3. ထန်းလျက်ခဲများကို ရေဆေးပြီး ထန်းလျက်ခဲများနှင့်အတူ ရေဖန်ခွက် တစ်ဝက်ခန့် ထည့်ပြီး ထန်းလျက်ရည် ဟင်းစားဇွန်း(၃)ဇွန်းခန့်ကျန်သည်အထိ ကြိုပါ။ ထန်းလျက်ရည်များ ရပါက ဇကာတစ်ခုဖြင့် အမှိုက်များ၊ သဲများမပါရှိစေရန် စစ်ထားပါ။
  4. မုန့်လက်ကောက်ကြော်မည့်ဒယ်ထဲသို့ ဆီများထည့်ပြီး ဆီပူအောင်တည်ထားပါ။ ဆီပူလာပါက လုံးထားသောမုန့်လုံးများ လက်ကောက်ပုံစံပြုလုပ်ပြီး မုန့်တစ်ကွင်းချင်း မီးအေးအေးဖြင့်ကြော်ပါ။(မုန့်လက်ကောက်ကြော်ရာမှာ မီးပြင်းပြင်းနဲ့ကြော်ရင် မုန့်တွေပေါက်ပြီးစင်တတ်လို့ သတိထားဖို့လိုပါလိမ့်မယ်နော်။)
  5. မုန့်လက်ကောက်များ မီးအေးအေးနဲ့ကြော်ပြီးပါက ထန်းလျက်ရည်ကို ဆမ်းပြီးစားကြသလို ထန်းလျက်ရည်နဲ့တို့ပြီးတော့လည်း စားသုံးလေ့ရှိတာမို့ မိမိတို့နှစ်သက်သလို စားသုံးနိုင်ပါပြီနော်။

ကဲ ဟင်းချက်ဝါသနာရှင်တွေလည်း ချစ်ခင်ရတဲ့ မိသားစုတွေကိုပဲဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် မြန်မာ့ရိုးရာ မုန့်လက်ကောက်လေးကို အိမ်မှာ လုပ်စားလိုက်ကြတော့နော်။

Comments are closed.