fbpx

သင်္ဘောဖူးသုပ်

သင်္ဘောဖူးသုပ်

papaya flowers salad image

သင်္ဘောပင်မှာ အဖိုပင်နဲ့ အမပင်ဆိုပြီးပေါက်လေ့ရှိတဲ့အထဲမှာ အဖိုပင်ကတော့ အပွင့်တွေတော့လှိုင်လှိုင်ပွင့်ပေမဲ့ အသုံးမဝင်ဘူးထင်ကြတဲ့သူတွေအတွက် သင်္ဘောဖိုအဖူးသုပ်သုပ်နည်းလေးကို မျှဝေချင်ပါတယ်။

သင်္ဘောအဖူးအရသာက ခါးသက်သက်အရသာတော့ ရှိပါတယ်။ သင်္ဘောအဖူး အပွင့်ကို သုပ်စားရင်လည်း သွေးတိုးရောဂါကို သက်သာစေတယ်လို့ ဆိုပေမဲ့လည်းတန်ဆေး လွန်ဘေးဆိုတဲ့စကားပုံကိုလည်း မေ့ထားလို့မရဘူးပေါ့။

သင်္ဘောဖူးသုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေကတော့-

  • သင်္ဘောအဖူး ၅ခက်ခန့်
  • မြေပဲထောင်း ဟင်းစားဇွန်း (၃)ဇွန်း
  • ကြက်သွန်ဖြူဆီချက် (၄)ဇွန်း
  • ဆားအနည်းငယ်
  • အချိုမှုန့် သို့မဟုတ် ဟင်းခတ်မှုန့်အနည်းငယ် လိုအပ်မှာဖြစ်ပါတယ်နော်။
  1. သင်္ဘောအဖူး အပွင့်တွေကို ရေဆေးထားပြီး ရေနွေးဆူဆူအိုးထဲသို့ မိနစ်(၁၀)မိနစ် ခန့်ကြာ အနည်းငယ် နူးအိအောင်ပြုတ်ပါ။
  2. ပြုတ်ထားပြီးတဲ့ သင်္ဘောအဖူး အပွင့်များကို ရေအေးနဲ့(၃/၄)ထပ်ခန့် ရေများများဖြင့် ရေဆေးပြီး ဇကာတစ်ခုဖြင့်စစ်ထားပါ။
  3. ကြက်သွန်ဖြူ ဆီချက်ထားပါ။ မြေပဲကြော် ထောင်းထားပါ။
  4. ပြုတ်ထားသော သင်္ဘောအဖူး အပွင့်များကို သုပ်မည့်ပန်းကန်ထဲသို့ ရေညှစ်ထည့်ပါ။ ထောင်းထားသောမြေပဲမှုန့်၊ ဆား၊ အချိုမှုန့် သို့မဟုတ် ဟင်းခတ်မှုန့် ထည့်ပါ။ ကြက်သွန်ဖြူ ဆီချက်ထည့်ပြီး နှံ့စပ်အောင်နယ်ပါ။ (အသုပ်သုပ်တဲ့အချိန်မှာ အသုပ်မှာပါတဲ့ပါဝင်ပစ္စည်းတွေကို သမအောင် ပေါင်းစပ်ရောနှောသွားအောင် နယ်တာကလည်း အသုပ်ရဲ့အရသာကို ပိုမိုပေါ်လွင်စေပါတယ်နော် )
  5. နယ်ထားတဲ့အသုပ်ကိုမြည်းကြည့်လို့ အရသာအနေတော်ဆိုရင်တာ့ အသုပ်ပြင်မည့် ပန်းကန် ထဲကို အသုပ်ထည့်ပြီး အပေါ်က ကြက်သွန်ဖြူဆီချက် အဖတ်(ကြက်သွန်ဖြူကြော်)များ ဖြူးပြီးစားသုံးလို့ရပါပြီနော်။

သင်္ဘောအဖူးရဲ့ အခါးဓာတ်ကို ပြုတ်တဲ့အချိန်နူးအောင်ပြုတ်ပြီး ရေအေးနဲအခါခါဆေးမယ်။ အရသာဝင်အောင်နယ်မယ်ဆိုရင် အခါးဓာတ်က လျော့သွားမှာပါနော်။

အိမ်မှာမာလကာရွက်အဆင်သင့်ရှိမယ်ဆိုရင်တော့မာလကာရွက်၂ရွက် သို့မဟုတ် ၃ရွက်ကိုထည့်ပြီးပြုတ်ရင်အခါးသက်သာပါတယ်။

သင်္ဘောအဖူးရဲ့အခါးဓာတ်ကို မြေပဲထောင်းနဲ့ ကြက်သွန်ဖြူဆီချက်တို့ရဲ့ အစိမ့်ဓာတ်က သင်္ဘောဖူးသုပ်ရဲ့ ခါးစိမ့်စိမ့်အရသာက ပိုပြီး ခံတွင်းတွေ့စေမှာပါ။

ဒါ့အပြင် သင်္ဘောဖူးသုပ်ကို သားသတ်လွတ်ဟင်းအနေနဲ့လည်း စားသုံးနိုင်မှာဖြစ်ပါတယ်။

ကဲ ဟင်းချက်ဝါသနာရှင်တွေလည်း အိမ်မှာ သင်္ဘောအဖိုပင်က အဖူး အပွင့်တွေ့ပြီဆိုတာနဲ့ ခူးပြီး သုပ်စားလိုက်တော့နော်။

Comments are closed.