fbpx

ဖိုလ်ဝင်တောင်မျှစ်သုပ်

ဖိုလ်ဝင်တောင်မျှစ်သုပ်

ဒီနေ့တင်ပြမည့် ဟင်းလျာမှာ သားသတ်လွတ်ဟင်းလျာအဖြစ်လည်း စားသုံးနိုင်မည့် ဖိုလ်ဝင်တောင်မျှစ်သုပ်ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် တောတောင်ထူထပ်တဲ့နေရာများတွင် ဒေသအလိုက် ထွက်ရှိသည့် မျှစ်အမျိုးမျိုးရှိပြီး အမည်နာမ အမျိုးမျိုးဖြင့်လည်း ကျော်ကြားကြပါသည်။ ယခုတင်ပြမည့် အသုပ်တွင် အသုံးပြုမည့် မျှစ်မှာ အညာဒေသ ရှေးဟောင်းသမိုင်းဝင်နေရာတစ်ခုဖြစ်သော ဖိုလ်ဝင်တောင်ဒေသက ထွက်ရှိသည့် မျှစ်ကို အသုံးပြုသွားမည်ဖြစ်ပါသည်။ ဖိုလ်ဝင်တောင်မျှစ်သည် မိုးတွင်းတွင်သာ ရရှိနိုင်သော မျှစ်ဖြစ်ပြီး ဖိုလ်ဝင်တောင်မျှစ်ချဉ်ကလည်း နာမည်ကျော်ကြားလှပါသည်။ ဖိုလ်ဝင်တောင်ဒေသက ထွက်ရှိသော မျှစ်စိမ်းများကို ရေနွေးပွက်ပွက်ဆူတွင် ပြုတ်လိုက်ပါက သဘာဝအလျောက် ရရှိသည့် အနီရောင်အဆင်းရှိပြီး သေးငယ်သည့် နီနီရဲရဲ အဖူးငယ် မျှစ်များကို စားချင့်သဖွယ် မြင်တွေ့ရမည်ဖြစ်ပေသည်။

မျှစ်သုပ်ပြုလုပ်ရာတွင် လိုအပ်သည့် ပစ္စည်းများမှာ -

 မျှစ် (၃)ဖူး၊

မြေပဲဆားလှော် ထမင်းစားဇွန်း(၂)ဇွန်း၊

နှမ်းလှော် ထမင်းစားဇွန်း(၁)ဇွန်း၊  

ဗမာကြက်သွန်ဖြူ ဥအသေး(၁)ဥ ၊

ဆီ ထမင်းစားဇွန်း(၃)ဇွန်းနှင့်

ဆား၊ အချိုမှုန့်(အချိုမှုန့်နေရာတွင် အခြားသင့်လျော်ရာ ဟင်းခတ်မှုန့်ကိုအသုံးပြုနိုင်ပါသည်) အနည်းငယ်တို့ လိုအပ်မည်ဖြစ်ပါသည်။

ယခုတင်ပြသည့် မျှစ်သုပ်တွင် မုံရွာမြို့နယ်၊ မအူရွာက ထွက်ရှိသော မြေပဲဆားလှော်နှင့် နှမ်းလှော်ကို အသုံးပြုထားပါသည်။

မျှစ်သုပ်ပြုလုပ်နည်း

ပထမဆုံးမျှစ်ပြုတ်များကို ပိုမိုသန့်ရှင်းစေရန် ရေနွေးဆူဆူတွင် အချိန်(၅)မိနစ်ခန့် ပြုတ်ပါ။

ပြုတ်ပြီးမျှစ်များကို ရေအေးဖြင့် ဆေးကြောပြီး အအေးခံထားပါ။

မြေပဲဆားလှော်များကို အခွံချွတ်ပြီး ထောင်းထားပါ။ နှမ်းလှော်ကိုလည်း မညက်တညက် ထောင်းထားပါ။

ကြက်သွန်ဖြူဆီချက်ရန် ကြက်သွန်ဖြူကို မညက်တညက်ထောင်းထားပါ။ ဆီပူလာလျှင် ထောင်းထားသော ကြက်သွန်ဖြူများထည့်ပြီး ဆီချက်ပါ။ ကြက်သွန်ဖြူအရောင်မှာ အနည်းငယ် ပြောင်းလာပါက မီးပိတ်ပြီး ကြက်သွန်ဖြူများ တူးမသွားစေရန် အထက်အောက်မွှေပေးနေပါ။(အထက်အောက်မမွှေဘဲ ထားပါက ကြက်သွန်ဖြူများ တူးပြီး ဆီချက်သည် ခါးသွားတတ်သည်ကို သတိပြုပါ။)

အအေးခံထားသော မျှစ်များကို ခက်ရင်းအသုံးပြု၍ ခပ်သေးသေးအမျှင်များဖြစ်အောင် မျှင်ထားပါ။ မျှင်ထားသော မျှစ်များရရှိပါက ရေညှစ်ပြီး သုပ်မည့်ပန်းကန်ထဲသို့ထည့်ပါ။

ထို့နောက် ထောင်းထားသော မြေပဲထောင်း၊ နှမ်းထောင်းနှင့် ဆား၊ အချိုမှုန့်အနည်းငယ်ထည့်၍ အပေါ်မှ ကြက်သွန်ဖြူဆီချက်များ(ကြက်သွန်ဖြူဆီချက်ဖတ်များမပါ) လောင်းထည့်ပြီး နှံ့စပ်အောင်နယ်ပါ။

နယ်ထားသော မျှစ်သုပ်ကို အရသာမြည်းစမ်းကြည့်ပြီး သင့်လျော်ပါက မျှစ်သုပ်ထည့်မည့်ပန်းကန်ထဲသို့ထည့်ပြီး မျှစ်သုပ်အပေါ်မှ ကြက်သွန်ဖြူဆီချက်ဖတ်များကို ဖြူး၍ သုံးဆောင်နိုင်ပြီဖြစ်ပါသည်။

မျှစ်သုပ်တွင် မျှစ်၏ သဘာဝအဆိမ့်ဓာတ်ကို မြေပဲ၊ နှမ်းထောင်းများ၊ ကြက်သွန်ဖြူဆီချက်မွှေးမွှေးဖြင့် သုပ်ခြင်းဖြင့် အဆိမ့်အရသာ မျှစ်သုပ်ကို ရရှိခံစားနိုင်မည်ဖြစ်ပါသည်။ မျှစ်တွင် ပရိုတင်းကြွယ်ဝပြီး ကယ်လ်လိုရီပါဝင်မှုနည်းခြင်း၊ အဆီဓာတ်ပါဝင်မှုနည်းသည့်အပြင် အမျှင်ဓာတ်များပါဝင်သည့်အတွက် ရာသီအလိုက်စားသုံးသင့်သည့် သဘာဝကပေးသော လက်ဆောင်တစ်ခုဖြစ်ပေသည်။

ယခုတင်ပြသည့်မျှစ်သုပ်ဟင်းလျာသည် လွယ်ကူရိုးရှင်းပြီး အချိန်ကုန်ကျမှုနည်းပါးခြင်း၊ ကုန်ကျစရိတ်နည်းပါးသည့် ကျန်းမာရေးနှင့်ညီညွတ်သည့် ဟင်းလျာဖြစ်သည့်အပြင် သားသတ်လွတ်စားသုံးသူများအတွက်လည်း ထမင်းမြိန်စေမည့်ဟင်းတစ်ခွက်ဖြစ်မည်ဟု ယုံကြည်ပါကြောင်း တင်ပြလိုက်ရပါသည်။

Comments are closed.