fbpx

ဘူးသီးချဉ်ရည်

ဘူးသီးချဉ်ရည်

သာမန်အားဖြင့် ဘူးသီးကို ဟင်းခါး/ဟင်းချို ချက်စားလေ့ရှိကြသလို ကြက်သားနဲ့ရောပြီး ကြက်/ဘူးဆိုပြီး ချက်စားလေ့ရှိကြပါတယ်။ ဒါပေမဲ့ ဘူးသီးကို ချဉ်ရည်ဟင်းအနေနဲ့ ချက်စားလို့ ရတယ်ဆိုတာကိုတော့ အချို့သူတွေက မသိကြဘူးလို့ ထင်ပါတယ်။ ဒါ့ကြောင့် ထမင်းမြိန်စေမည့် ဘူးသီးချဉ်ရည်ချက် နည်းလေးကို ဝေမျှပါရစေနော်။ ဘူးသီးချဉ်ရည်ဟင်းက ချက်ရတာလည်း လွယ်ကူရိုးရှင်းသလို ထမင်းစားကောင်းမည့် ဟင်းတစ်ခွက်ဖြစ်မယ်လို့ ယုံကြည်ပါတယ်။
ဘာကြောင့်လဲဆိုရင် မြန်မာအများစုကတော့ အသား၊ငါးဟင်းတွေ မပါချင်နေပါစေ၊ ချဉ်၊ ငန်၊ စပ်အရသာလေးသာ ပါလို့ကတော့ ထမင်းစားမြိန်တတ်ကြတဲ့ လူမျိုးတွေမို့လား 😀 😀
ကဲ ဒါဆို ဘူးသီးချဉ်ရည်လေးကို စချက်ကြည့်ကြရအောင်
ဘူးသီးချဉ်ရည်ချက်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ -

  • ဘူးသီးအရွယ်တော် (၂) စိပ်
  • ခရမ်းချဉ်သီးကိုင်းသီး (ဗမာသီး) (၇)လုံး
  • ငပိ မန်ကျီးစေ့(၁)စေ့ခန့်
  • နံနံပင်အနည်းငယ်
  • ဆားအနည်းငယ်
  • ဟင်းချိုမှုန့် (သို့) ဟင်းခပ်မှုန့်အနည်းငယ်
  • ဆီ ဟင်းစားဇွန်း(၁)ဇွန်း

ပြုလုပ်ပုံအဆင့်ဆင့်

  1. ပထမဦးဆုံး ဘူးသီးကို အခွံနွှာပါ။ ထို့နောက် ခပ်ပါးပါးအတုံးလေးတွေလှီးပြီး ‌ရေဆေးပြီး စစ်ထားပါ။
  2. ခရမ်းချဉ်သီး ကိုင်းသီးများကို ရေဆေး၍ ခပ်ပါးပါးလှီးထားပါ။(အခုလို ချဉ်ရည်ဟင်းချက်ရာမှာ ခရမ်းချဉ်သီး အချဉ်သီးကိုပဲ သုံးသင့်ပါတယ်နော်။ ဘာကြောင့်လဲဆိုရင် ခရမ်းချဉ်သီးအချဉ်သီးက သူ့ရဲ့ သဘာဝအချဉ်ဓာတ်က ပိုချဉ်တဲ့အပြင် ချက်ပြုတ်ရာမှာလည်း နူးအိလွယ်ပါတယ်၊ အကောင်းဆုံးကတော့ ခရမ်းချဉ်သီးအချဉ်သီးနဲ့ချက်ရင် သူ့ရဲ့ အချဉ်နံ့က သဘာဝအချဉ်ဓာတ်ရရှိမှာမို့လို့ ခရမ်းချဉ်သီး အချဉ်သီးနဲ့ပဲ ချက်ဖို့ တိုက်တွန်းပါရစေနော်။ ဘူးသီးချဉ်ရည်လည်း ချက်စားချင်တယ်၊ ဒါပေမဲ့ ခရမ်းချဉ်သီး အချဉ်သီးလည်း မရနိုင်တဲ့ အခြေအနေမှာတော့ ရိုးရိုးခရမ်းချဉ်သီးနဲ့ချက်မယ်ဆိုရင် ရိုးရိုးခရမ်းချဉ်သီးက အနှစ်တွေများတာမို့ (၂)လုံးလောက်ပဲထည့်သင့်ပါတယ်၊ ဒါမှသာ ချဉ်ရည်ဟင်းက အရည်ခပ်ကြည်ကြည်လေးနဲ့ စားချင့်သဖွယ်ဖြစ်မှာပါနော်)
  3. နံနံပင်ကို အမြစ်နဲ့ အရွက်ဝါနေတာလေးတွေကို ဖယ်ထုတ်ပြီး သဲများမပါရှိစေရန် ရေဆေးထားပါ။
  4. အရင်ဆုံး ချက်ပြုတ်မည့်အိုးထဲကို ဆီအနည်းငယ်ထည့်ပါ။
  5. ဆီကျက်လာရင် မျှင်ငပိထည့်ပါ။
  6. ထို့နောက် ငပိကို အနည်းငယ်ချေပြီးနောက် ခရမ်းချဉ်သီးထည့်၍ နှံ့အောင်မွှေပါ။ ခရမ်းချဉ်သီးကို ကျေအောင်ချေရမှာမို့လို့ ရေဖန်ခွက် တစ်ခွက်ခန့်ထည့်၍ အဖုံးအုပ်ပြီး တည်ထားပါ။
  7. မကြာခဏ အဖုံးဖွင့်၍ ခရမ်းချဉ်သီးကို ကျေအောင်ချေပေးပါ။ ခရမ်းချဉ်သီးများကျေလျှင် ခပ်ပါးပါး တုံးထားသောဘူးသီးများကို ထည့်၍ ခရမ်းချဉ်သီးနှင့် ဘူးသီးကို နှံ့စပ်အောင်မွှေပါ။
    ပြီးလျှင် ရေ ဖန်ခွက် (၂)ခွက်ခန့်ထည့်၍ အဖုံးအုပ်၍ (၁၀)မိနစ်ခန့် တည်ထားပါ။
  8. ဟင်းရည်များ ပွက်ပွက်ဆူလာပြီး ချဉ်ရည်ဟင်းအနံ့များ မွှေးကြိုင်လာပါက ဆား၊ ဟင်းချိုမှုန့် သို့မဟုတ် ဟင်းခပ်မှုန့် တို့ကို ထည့်ပါ။ (အကယ်၍ ခရမ်းချဉ်သီးအချဉ်သီးနဲ့ ချက်တာမျိုးမဟုတ်ဘဲ ရိုးရိုးခရမ်းချဉ်သီးနဲ့ချက်တာဆိုရင်တော့ အချဉ်ဓာတ်ရရှိဖို့အတွက် မန်ကျီးသီးမှည့်အနည်းငယ်ကို ရေနွေးနဲ့စိမ်ပြီး မန်ကျီးမှည့်အနှစ်များကို ထည့်ဖို့လိုမှာ ဖြစ်ပါတယ်နော်။ ချဉ်ရည်ဟင်း အနံ့မွှေးကြိုင်နေဖို့ဆိုရင် ဟင်းရည်ကျအောင် ကျိုပေးဖို့လိုပါမယ်နော်၊ ဘူးသီးက နဂိုမူလသဘာဝအရသာက ချိုတာမို့လို့ အချဉ်ဟင်းရည်ကို ခပ်ကြာကြာတည်ထားမှသာ အချဉ်ဓာတ်တွေက ဘူးသီးထဲရောက်မှာဖြစ်သလို မျှင်ငပိနံ့ပျောက်ဖို့ဆိုရင် ဟင်းရည်ကို ခပ်ကြာကြာတည်ထားခြင်းဟာ လျှို့ဝှက်ချက်တစ်ခုပါပဲနော်။
  9. ချဉ်ရည်ဟင်းအိုး တည်ထားတာက အိုးထဲမှာ ဖန်ခွက်တစ်ခွက်ခွဲစာခန့်လောက် ကျန်နေပြီဆိုမှသာ ဟင်းအိုးကိုမီးပိတ်ပြီး နံနံပင်ထည့်ကာ ဘူးသီးချဉ်ရည်ဟင်းကို သုံးဆောင်နိုင်ပြီဖြစ်ပါတယ်။

ကဲ ဘူးသီးချဉ်ရည်ဟင်းရည်ရပြီဆိုတော့ သူနဲ့လိုက်ဖက်တဲ့ ဟင်းတွဲလေးကတော့ ငရုတ်သီးအခြောက်တောင့် သို့မဟုတ် ငရုတ်သီးခွဲခြမ်းမှုန့်နဲ့ ကြက်သွန်နီကို အစေးပေါက်အောင် ထောင်းထားတဲ့ အညာငရုတ်သီးထောင်းလေးရယ်၊ ငါးရံ့ခြောက်ဖုတ်လေးနဲ့ တွဲဖက်စားလိုက်ရင်တော့ အသားဟင်းမပါတာတောင် ထမင်း(၂)ပန်းကန်လောက်တော့ အသာလေးဆွဲပြီးသားဖြစ်မှာပါနော် 😀 😀

Comments are closed.