fbpx

ကြာဆံချက်

ကြာဆံချက်

ကြာဆံချက်ကို အလှူမင်္ဂလာမွေးနေ့ပွဲတွေမှာ ဧည့်ခံကျွေးမွေးဖို့အတွက်သော်လည်းကောင်း၊ မိမိအိမ်မှာ မိသားစုနဲ့ ချက်ပြုတ်စားသောက်ဖို့အတွက်သော်လည်းကောင်း ချက်ပြုတ်လေ့ရှိကြပါတယ်။ ဒီလိုချက်ပြုတ်ရာမှာ ပါဝင်ပစ္စည်းတွေ၊ ထည့်ချက်ရမည့် ပမာဏတွေဟာ အချိန်အဆ မှန်ကန်မှသာ ပြည့်စုံကောင်းမွန်တဲ့ဟင်းပွဲတစ်ပွဲ ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။ ဒါ့ကြောင့် ကြာဆံချက် ချက်ပြုတ်ရာမှာ ပါဝင်ပစ္စည်းတွေနဲ့ ချက်ပြုတ်နည်းအဆင့်ဆင့်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

vermicelli_soup

ပါဝင်ပစ္စည်းများ

  • ပဲကြာဆံ ၁၀ ကျပ်သား
  • ကြွက်နားရွက်မှို(မှိုခြောက်) ၅ပွင့်
  • ပဲလိပ်ခြောက် အနည်းငယ်
  • ကြက်သွန်နီ ၁ လုံး
  • ငုံးဥ ၁၀ လုံး
  • ဗမာကြက်သား ၅တုံး
  • ခရမ်းချဉ်သီး ၁လုံး
  • ပဲဆီ ၂ ဇွန်း(ဟင်းစားဇွန်း)
  • ဆား အနည်းငယ်
  • အချိုမှုန့် (သို့မဟုတ်) ဟင်းခတ်မှုန့် အနည်းငယ်

ပြုလုပ်ပုံအဆင့်ဆင့်

  1. ကြာဆံချက်အတွက် လိုအပ်သော ပဲကြာဆံ၊ ကြွက်နားရွက်မှို၊ ပဲလိပ်ခြောက်တို့ကို ဟင်းရည် ချက်ပြုတ်ခြင်းမပြုမီ ရေဖြင့် (၁၅)မိနစ်ခန့် ကြိုတင်စိမ်ထားပါ။ ပြီးနောက် ရေစိမ်ထားသော ကြွက်နားရွက်မှိုများ ၊ ပဲလိပ်များကို ကတ်ကြေးဖြင့် အနေတော် လှီးဖြတ်ထားပါ။
  2. ငုံးဥများကို အချိန်(၁၀)မိနစ်ခန့် ပြုတ်၍ အခွံနွှာထားပါ။
  3. ကြက်သားကို ရေ(၄)ခွက်(ထမင်းပေါင်းအိုးတွင် ပါရှိသည့်ပုံစံခွက်)နှင့် ငံပြာရည်အနည်းငယ် ထည့်ပြီး နူးအိလာသည်အထိ ပြုတ်ပါ။ (ကြာဆံချက်မှာ အသုံးပြုတဲ့ ကြက်သားကိုတော့ ဗမာကြက်သားကိုပဲရွေးချယ်ထားပါတယ်နော်။ ဘာကြောင့် ဗမာကြက်သားကို ရွေးချယ်ရသလဲ ဆိုရင် ဗမာကြက်သားရဲ့ အရိုးထဲက အဆီအနှစ်တွေက သဘာဝအချိုဓာတ်ဖြစ်တဲ့အတွက် ကြာဆံချက်စားသုံးရာမှာ သဘာဝအချိုကို ရရှိစေဖို့ ဖြစ်ပါတယ်။ အကယ်၍ ဗမာကြက်သား မရနိုင်တဲ့အခြေအနေမှာဆိုရင်တော့ မွေးမြူရေးကြက် သား(စီပီကြက်သား)ကို အသုံးပြုလည်း အဆင်ပြေပါတယ်နော်။ နောက်ပြီး ကြက်သားပြုတ်ထဲမှာ ထည့်တဲ့ငံပြာရည်ကိုတော့ ယိုးဒယား ကင်းမွန်ငံပြာရည်လေးကို အသုံးပြုထားပါတယ်နော်။)
  4. ပြုတ်ထားတဲ့ ကြက်သားတွေ နူးအိလာပြီဆိုရင်တော့ ကြက်သားနဲ့ ကြက်ပြုတ်ရည်တွေကို ပန်းကန်တစ်ခုနဲ့ ထည့်ထားပါ။
  5. မီးဖိုပေါ်တွင် ကြာဆံချက် ချက်မည့် အိုးတင်၍ ပဲဆီထည့်ပါ။ ၂ မိနစ်ခန့်ကြာပြီးနောက် ဆီကျက်ပါက ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ငရုတ်သီး အရောင်တင်မှုန့်တို့ကို ထည့်၍ ဆီသတ်ပါ။ အရောင်တက်လာပါက ကြက်ပြုတ်ရည်နှင့် ကြက်သားများထည့်ပါ။ ကြက်ပြုတ်ရည် နည်းပါက ရေအနည်းငယ်ထပ်ထည့်၍ ၁၀ မိနစ်ခန့် တည်ထားပါ။
  6. ၁၀ မိနစ်ခန့် ကြာပြီးနောက် ဟင်းရည်များ ပွက်ပွက်ဆူလာပါက လှီးဖြတ်ထားသည့် မှိုခြောက်များကို အရင်ဆုံးထည့်ပါ။ ထို့နောက် ပဲခြောက်များ၊ ပဲကြာဆံများထည်၍ ၁၀ မိနစ်ခန့် ထားပါ။(ကြာဆံချက်မှာ အသုံးပြုတဲ့ ကြာဆံကတော့ ပဲကြာဆံကိုသာ အသုံးပြုရပါမယ် နော်၊ကြာဆံကြော်လုပ်စားတဲ ့ကြာဆံကို အသုံးပြုလို့ မရပါဘူးနော်)
  7. ပွက်ပွက်ဆူနေသော ဟင်းရည်ထဲသို့ ထည့်ထားသည့် ပဲကြာဆံနှင့် မှိုခြောက်၊ ပဲခြောက်များသည် နူးအိလာပါက ပြုတ်ထားသော ငုံးဥများထည့်၍ ဆား၊ အချိုမှုန့်(သို့မဟုတ်) ဟင်းခတ်မှုန့်တို့ကို ထည့်၍ အရသာ မြည်းစမ်းကြည့်ပါ။
  8. ကြာဆံချက်တွင်ပါဝင်သည့်အမယ်များ နူးအိပြီး အရသာအနေအထားကောင်းမွန်ပါက မီးပိတ်၍ ကြာဆံချက်ကို သုံးဆောင်နိုင်ပြီဖြစ်ပါတယ်။
  9. ကြာဆံချက်နှင့် တွဲဖက်သုံးဆောင်မည့် နံနံပင်၊ ငရုတ်သီးကြော်ထောင်း သို့မဟုတ် ငရုတ်သီး လှော်ထောင်း၊ ဗမာသံပုရာသီး(သံပုရာအစစ်က သံပုယိုသီးထက် ပိုပြီးမွှေးပါတယ်) များ ထည့်၍ သုံးဆောင်ပါက အနံ့အရသာနှင့်ပြည့်စုံသော ကြာဆံချက်လေးကို စားသုံးလို့ရပါပြီရှင်။

Comments are closed.