
မြန်မာလက်ရာဟင်းချက်နည်းပေ့ရဲ့ ပရိတ်သတ်တွေအတွက် တို့ဟူးစိမ်း ချက်နည်းလေးကို တင်ပြပေးချင်ပါတယ်။ တို့ဖူးကို အများအားဖြင့်တော့ တို့ဖူးသုပ်၊ တို့ဖူးကြော် ရှမ်းရိုးရာ တို့ဖူးနွေးစသဖြင့် လုပ်စားလေ့ရှိကြပါတယ်။ ရမည်းသင်းဘက်မှာတော့ တွေ့ရတဲ့ တို့ဖူးကတော့ တို့ဖူးရဲ့အရသာကိုက အချဉ်ဓာတ်လေး ရှိပါတယ်နော်။
ကျမတို့အညာဒေသတွေမှာ တို့ဟူးလို့မခေါ်ဘဲ တို့ဟူးစိမ်းလို့ပဲခေါ်ကြပါတယ်။ ဥပမာ ညနေဘက်မှာဆိုရင် ပဲပြုတ်၊ တို့ဟူးရောင်းတဲ့ ဈေးသည်က အော်ရောင်းရင် "ဟောဒီက တို့ဟူးစိမ်း................ စားကြအုံးမလား" ဆိုပြီး အော်ရောင်းလေ့ရှိပါတယ်။
တို့ဟူးကို ကုလားပဲ၊ စားတော်ပဲ စသဖြင့် အမျိုးမျိုး ပြုလုပ်လေ့ရှိကြပါ တယ်။အခုတင်ပြမည့် တို့ဟူးစိမ်းချက်ကတော့ ကုလားပဲနဲ့ ပြုလုပ်ထားတဲ့ တို့ဟူးကို အညာဒေသ အထူးသဖြင့် မုံရွာဒေသမှာ ချက်စားလေ့ရှိတဲ့ တို့ဖူးစိမ်းချက် ချက်နည်းလေး ဖြစ်ပါတယ်။
တို့ဖူးစိမ်းချက်ကို သားသတ်လွတ်စားတဲ့သူတွေ၊ အသက်အရွယ်ကြီးနေတဲ့ အဘိုး အဘွား တွေ၊ ကလေးငယ်တွေအတွက် အထူးသင့်လျော်မည့် ဟင်းလျာတစ်မျိုးဖြစ် ပါတယ်။
တို့ဟူးစိမ်းချက်ဖို့အတွက် အောက်ပါပစ္စည်းများ လိုအပ်မှာဖြစ်ပါတယ်-
(၁) တို့ဟူး(၁၀)သား
(၂) ကိုင်းခရမ်းချဉ်သီးအလုံးသေး(၅)လုံး (ကိုင်းခရမ်းချဉ်သီးမရှိရင်တော့ ရိုးရိုးခရမ်းချဉ်သီးလည်းရပါတယ်)
(၃) ကြက်သွန်နီအလုံးသေး (၂)လုံး၊
(၄) ငရုတ်သီးအရောင်တင်မှုန့် လက်ဖက်စားဇွန်း(၁)ဇွန်း၊
(၅) ငရုတ်သီးစိမ်းအတောင့်ရှည်(၅)တောင့်၊
(၆) နံနံပင်(၃)ပင်၊
(၇) ဆားအနည်းငယ်၊
(၈) အချိုမှုန့် သို့မဟုတ် ကြက်သားမှုန့်အနည်းငယ်
(၉) ဆီဟင်းစားဇွန်း(၁)ဇွန်း။
ပြုလုပ်ပုံအဆင့်ဆင့်
တို့ဖူးစိမ်းကို အတုံးငယ်လေးတွေ တုံးထားပါ။ ကြက်သွန်နီ၊ ခရမ်းချဉ်သီး လှီးထားပါ။ ပြီးရင် နံနံပင်၊ ငရုတ်သီးစိမ်းတို့ကို ရေဆေးပြီး နှစ်ပိုင်းလောက်ပဲ ပိုင်းထားပါ့မယ်။
ပထမဦးဆုံး ချက်မည့်အိုးထဲကို ဆီထည့်ပြီး ဆီပူလာပြီဆိုရင် ကြက်သွန်နီနဲ့ ခရမ်းချဉ်သီးလှီးထားတာကိုထည့်ပြီး မွှေပါ။
ကြက်သွန် ခရမ်းချဉ်သီး အနည်းငယ်နွမ်းလာရင် ငရုတ်သီးအရောင်တင်မှုန့် ထည့် ပြီး ဆီပြန်လာအောင် မွှေပေးပြီး ဆီပြန်လာပါက ရေဖန်ခွက်(၁)ခွက်ခွဲခန့် ထည့်ပြီး ခရမ်းချဉ်သီးနူးအိလာအောင် အဖုံးအုပ်၍ ထားပါ။
ခရမ်းချဉ်သီး ကြက်သွန်နီနူးအိပြီး ခရမ်းချဉ်သီး အနှစ်များထွက်လာပါက လှီးထားသော တို့ဖူးအတုံးငယ်များထည့်ပြီး ဆား၊ အချိုမှုန့်များထည့်ပါ။
ထို့နောက် လှီးဖြတ်ထားသော နံနံပင်၊ ငရုတ်သီးစိမ်းများထည့်၍ ဇွန်းဖြင့် အသာ အယာမွှေပါ။ (တို့ဖူးသားက နူးညံ့လွန်းတဲ့အတွက် ဇွန်းနဲ့မွှေတဲ့အချိန်မှာ ကြေမသွားစေဖို့ အသာအယာပဲ သတိပြုမွှေပါ။)
အရသာမြည်းစမ်းကြည့်ပြီး အရသာအနေအထား အဆင်ပြေပါက ဟင်းအိုးကို မီးပိတ်ပြီး တို့ဖူးစိမ်းဟင်းကို နံနံပင် ငရုတ်သီးစိမ်းအနံ့မွှေးမွှေးလေးနဲ့ စားသုံးလို့ရပါပြီ။ တို့ဖူးစိမ်းချက်သည် ငွေကြေးကုန်ကျမှုနည်းပါးပြီး အာဟာရဓာတ်တွေလည်း ပါဝင်တဲ့အတွက် ကျန်းမာရေးနှင့်ညီညွတ်တဲ့ဟင်းလျာဖြစ်တဲ့အပြင် သားသတ်လွတ်စားသုံးလိုတဲ့သူများအတွက်လည်း ခံတွင်းမြိန်စေမည့်ဟင်းတစ်ခွက်ဖြစ်ပါသည်။
တို့ဖူးစိမ်းချက်လေးရယ်၊ ကန်စွန်းရွက်နဲ့ ပဲပင်ပေါက်ကြော်လေးရယ်၊ ငပိကြော် လေး ဒါမှမဟုတ် ငရုတ်သီးနဲ့ငါးခြောက်ကြော်/ ပုစွန်ခြောက်ကြော်လေးနဲ့ စားလိုက်ရင် လိုက်ဖက်လှတဲ့ ဟင်းအတွဲလေးတွေဖြစ်လို့ စားလို့မြိန်မှာ အသေအချာပါပဲနော်။