fbpx

ဗုံလုံသီးဝက်သားအစာသွတ်ချက်

ဗုံလုံသီးဝက်သားအစာသွတ်ချက်

ဗုံလုံသီးကို ကျမတို့ဒေသဘက်မှာတော့ ပဲလင်းမြွေသီးလို့လည်း ခေါ်ပါတယ်။ ဗုံလုံသီး သီးတဲ့အခါ အုပ်မိုးထားတဲ့ အရွက်များအောက်မှာ တွဲလောင်းကျပြီး သီးတာကြောင့် အမှတ်တမဲ့ကြည့်ရင် မြွေနှင့်ခပ်ဆင်ဆင်တူပါတယ်။ အသီးရဲ့အရွယ်အစားကလည်း အလျားလိုက် ရှည်ထွက်ပြီးသီးတတ်သလို  တစ်ခါတစ်ရံမှာ ခွေပတ်တွန့်လိမ်ပြီးသီးတဲ့အပြင်  အစိမ်းရောင်အသီးပေါ်မှာ အစိမ်း နုရောင်နဲ့  အဖြူရောင် အကြောင်အကျားတွေပါလေ့ရှိလို့ ကျမတို့အရပ်ဒေသမှာတော့ ဗုံလုံသီးကို ပဲလင်းမြွေသီးလို့ပဲ ခေါ်တယ်လို့ သိရပါတယ်။

ဗုံလုံသီးမှာ အမျှင်ဓာတ်၊ အရည်ဓာတ် ပါဝင်မှုများသလို သူ့ရဲ့အရသာက ချိုချိုလေးမို့ မြန်မာ လူမျိုးအများစု ကြိုက်နှစ်သက် ကြပါတယ်။ ဗုံလုံသီးအခေါင်းက ခပ်ပွပွမို့ အဲ့ဒီထဲမှာ နှစ်သက်ရာ အသား၊ငါး၊ ပုစွန်တို့ကို အစာသွပ် ချက်နိုင်ပါတယ်နော်။

အခုတင်ပြမည့် ဟင်းကတော့ ဗုံလုံသီးထဲကို ဝက်သားကို အစာသွပ်ချက်နည်းလေးကို တင်ပြသွားမှာဖြစ်ပါတယ်။ ဗုံလုံသီး ဝက်သားအစာသွပ်ချက်ဖို့အတွက် လိုအပ်တဲ့ ပါဝင်  ပစ္စည်း တွေကတော့-

  • ဗုံလုံသီးတစ်တောင့်
  • ဝက်သား(၁၀)ကျပ်သား
  • ကြက်သွန်နီ(၅)လုံး(အနေတော်အလုံး)
  • ခရမ်းချဉ်သီး(၁)လုံး
  • ငရုတ်သီးအရောင်တင်မှုန့်(၁)ဇွန်း
  • ဆားအနည်းငယ်
  • အချိုမှုန့်(သို့) ဟင်းခပ်မှုန့်အနည်းငယ်
  • ဆီ ဟင်းစားဇွန်း(၄)ဇွန်းတို့ လိုအပ်မှာဖြစ်ပါတယ်။

ပြုလုပ်ပုံအဆင့်ဆင့်

  1. ဝက်သားများကို ရေဖြင့် ဆေးပြီး ရေစစ်ကာ နုတ်နုတ်စင်းထားပါ။ ကြက်သွန်နီ၊ခရမ်းချဉ်သီးတို့ကိုလည်း ရေဆေးပြီး နုတ်နုတ်စင်းပါ။
  2. ဗုံလုံသီးကို လက်နှစ်ဆစ် သို့မဟုတ် သုံးဆစ်ခန့်အရွယ် လှီးပြီး အတွင်းမှ အစေ့အရင့်များဖယ်ထုတ်ပြီး  ရေဆေး၍ စစ်ထားပါ။
  3. နုတ်နုတ်စင်းထားသော ဝက်သား၊ ကြက်သွန်နှင့် ခရမ်းချဉ်သီးတို့ကို ပန်းကန်တစ်ခုထဲသို့ ထည့်ပြီး ဆား၊ အချိုမှုန့်များထည့်၍ နှံ့စပ်အောင်နယ်ပြီး နှပ်ထားပါ။
  4. ရေစစ်ထားသော ဗုံလုံသီးထဲသို့ နှပ်ထားသော ဝက်သားများကို အစာသွပ်ပါ။
  5. ဗုံလုံသီးချက်မည့်အိုးထဲသို့ ဆီထည့်ပြီး ဆီပူလာပါက ငရုတ်သီးအရောင်တင်မှုန့်များထည့်ပြီး ငရုတ်ဆီအရောင်များတက်လာပါက အစာသွပ်ထားသော ဗုံလုံသီးထည့်ပြီး နှံ့စပ်အောင်မွှေပြီး ဆီအနည်းငယ်ပြန်လာပါက ရေဖန်ခွက်တစ်ဝက်ခန့်ထည့် အဖုံးအုပ်၍ (၂၀)မိနစ်ခန့် တည်ထား ပါ။
  6. ဗုံလုံသီးများ နူးအိပြီး အသားများလည်းနူးလာပါက ဆား၊ အချိုမှုန့် အရသာ ထည့်၍ မီးပိတ်ကာ ဗုံလုံသီးဝက်သားအစာသွပ်ချက်ကို သုံးဆောင်နိုင်ပြီဖြစ်ပါတယ်နော်။

ဗုံလုံသီးဝက်သားအစာသွပ်ချက်နဲ့ သရက်ချဉ်သုပ်၊ ပဲနီလေးကြာဆံပဲဟင်းလေးတွေနဲ့ တွဲဖက်စားသုံးလိုက်ရင် ခံတွင်းမြိန်စေမှာ သေချာပါတယ်နော်။

Comments are closed.