fbpx

ဝက်သားနီချက်

ဝက်သားနီချက်

ဝက်သားနဲ့ပတ်သက်လို့ ဆိုရိုးစကားတစ်ခုကတော့ အသီးမှာ သရက်၊ အရွက်မှာ လက်ဖက် ၊ အသားမှာ ဝက်လို့ ပြောလေ့ရှိပါတယ်။ ဒါ့ကြောင့် ဝက်သားဟင်းဆိုရင် လူကြီး လူငယ်မရွေး အများစုကြိုက်နှစ်သက်တဲ့ အသားတစ်မျိုးလည်းဖြစ်ပါတယ်။ ဝက်သားချက်ရင် အခြားနယ်ဘက်တွေမှာတော့ ဆား၊ ဆနွင်း၊ငံပြာရည်စသဖြင့် ချက်လေ့ရှိပေမဲ့ မုံရွာနယ်တစ်ဝိုက်မှာတော့ ဝက်သားချက်ရင် ကြာညို့ကို အသုံးပြုပြီးချက်လေ့ရှိပါတယ်။

ဝက်သားနီချက်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့-

  • ဝက်သား(၂၅)ကျပ်သား
  • ကြာညို့အနည်းငယ်
  • ဆီအနည်းငယ်
  • ဆားအနည်းငယ်
  • ဟင်းချိုမှုန့်(သို့)ဟင်းခပ်မှုန့် အနည်းငယ်
  • ငရုတ်သီးအရောင်တင်မှုန့် အနည်းငယ်
  • ဂျင်းတက်အနည်းငယ်

ပြုလုပ်ပုံအဆင့်ဆင့်

  1. ဝက်သားကို အနေတော်တုံးလေးများ လှီးပါ။လှီးထားသော ဝက်သားတုံးများကို ရေစင်အောင်ဆေးကြောပါ။
  2. ထို့နောက် ဝက်သားတုံးများကို ကြာညို့အနည်းငယ်၊ဆား၊ဟင်းခပ်မှုန့်အနည်းငယ်တို့ဖြင့် နှပ်ထားပါ။
  3. ဝက်သားနီချက် ချက်မည့ဒယ်အိုးထဲသို့ ဆီကိုအရင်ထည့်ပြီး ဆီကျက်လာပါက ထောင်းထားသော ဂျင်းတက်နှင့်ကြက်သွန်ဖြူ တို့ ထည့်ပြီး ဆီသတ်ပါ။
  4. ဂျင်း၊ ကြက်သွန်ဖြူဆီသတ်တာ အနံ့များမွှေးကြိုင်လာပါက နှပ်ထားသောဝက်သားကို ထည့်ပြီး နှံ့စပ်အောင်မွှေ၍ ရေဖန်ခွက်(၃)ခွက်ခန့် ထည့်ပြီး မိနစ်(၃၀)ခန့်ကြာအောင် မီးပြင်းပြင်းနဲ့ ချက်ပါ။
  5. ဝက်သားအိပြီးဆီပြန်လာလျှင် အရသာမြည်းစမ်း၍ လိုအပ်ပါက ဆား၊ အချိုမှုန့်များထည့်ပြီး ဟင်းအိုးမီးပိတ်ကာ  ဝက်သားနီချက်ကို သုံးဆောင်နိုင်ပါပြီနော်။

ကျန်းမာရေးရှုထောင့်က ကြည့်မယ်ဆိုရင်တော့ ဝက်သားမှာ ပရိုတင်းဓာတ်ပါဝင်မှု အများဆုံး ဖြစ်ပေမဲ့ အခြားအသားတွေထက်တော့ အဆီဓာတ်များတဲ့အပြင် ဝက်သားမှာပါဝင်တဲ့ အဆီ အများစုက ပြည့်ဝဆီဖြစ်တာကြောင့် အများကြီးစားသုံးမယ်ဆိုရင်တော့ သွေးတွင်း အဆီဓာတ် ကို မြင့်တက်နိုင်တယ်လို့လည်း ကျန်းမာရေးဆောင်းပါးတွေမှာ ရေးထားတာ ဖတ်ဖူးပါတယ်။

ဒါ့ကြောင့် ဝက်သားကို ကြိုက်လို့ စားမယ်ဆိုရင်တော့ အဆီနည်းပြီး အသားများတဲ့ဟာကို ရွေးချယ်စားသင့်ကြောင်း ကျန်းမာရေးရှုထောင့်ကနေ အကြံပေးချင်ပါတယ်နော်။

 

Comments are closed.