မျှစ်ဆတ်ဟင်း

မျှစ်ဆတ်ဟင်း

ပါဝင်ပစ္စည်းများ -

မျှစ်စိမ်း အရွယ်တော် ၃ ချောင်း
ကြက်သွန်နီ ၁ လုံး
ခရမ်းချဉ်သီး အရွယ်တော် ၁ လုံး
ပုဇွန်ခြောက် ဟင်းစားဇွန်း ၁ ဇွန်း
လုံးသွယ်မွှေးဆန် သို့မဟုတ် ပေါ်ဆန်းမွှေးဆန် ဟင်းစားဇွန်း ၁ ဇွန်း
ဆားအနည်းငယ်
ဟင်းချိုမှုန်း သို့မဟုတ် ကြက်သားမှုန် လဖက်ရည်ဇွန်း တစ်ဝက်
ပင်စိမ်းရွက် သို့မဟုတ် ရှမ်းနံနံ အစည်းသေး ၁ စည်း
ဆီ ဟင်းစားဇွန်း ၁ ဇွန်း

 

မျှစ်ဆတ်ဟင်းချက်နည်း အဆင့်ဆင့် ပြုလုပ်ပုံ

၁။ မျှစ်စိမ်းကို ပါးပါးလှီးပါ။ အဝိုင်း သို့မဟုတ် အရှည် မိမိ နှစ်သက်သလို လှီးပါ။ ၎င်းနောက် လှီးပြီးသော မျှစ်များကို ရေစင်ကြယ်စွာ ဆေးကြော်ပါ။ ပြီးလျှင် ရေစိမ်ထားပါ။

မျစ်အား လှီး၍ ပန်းကန်တွင် ထည့်ထားသည့် ပုံ

မျှစ်အား အဝိုင်းပုံစံ ခပ်ပါးပါး လှီးထားသော အခြေအနေ

၂။ ပုဇွန်ခြောက်ရေဆေး၍ ငရုတ်ဆုံးဖြင့်လည်းကောင်း ကြိက်စက်ဖြင့်လည်းကောင်း အမှုန့် ပြုလုပ်ပါ။

၃။ ကြက်သွန်နီကို ပါးပါးလှီးပါ။

၄။ ခရမ်းချဉ်သီးကို ပါးပါးလှီးပါ။

၅။ လုံးသွယ်မွှေး သို့မဟုတ် ပေါ်ဆန်းမွှေးဆန်ကို ရေစင်ကြယ်စွာ ဆေးပြီး ငရုတ်ဆုံဖြင့်လည်းကောင်း၊ ကြိတ်စက်ဖြင့်လည်းကောင်း အမှုန့်ပြုလုပ်ပါ။ ယင်းအမှုန့်ကို ပန်းကန်တွင် ထည့်၍ ရေအနည်းငယ် ထည့်ပြီး ထားပါ။ ဆန်မှုန့်ရည်ကို ထည့်ရခြင်း၏ ရည်ရွယ်ချက်မှာ မျှစ်စိမ်းဟင်းရည်ကို အနည်းငယ် ပျစ်စေလိုသောကြောင့် ဖြစ်သည်။

အရည်ပျစ်စေရန် ဆန်အား ရေစိမ်ထားသော အခြေအနေ

၆။ လှီးထားသော မျှစ်စိမ်းကို ဟင်းချက်မည့် အိုးအတွင်း ထည့်ပါ။ လှီးထားသော ကြက်သွန်နီ၊ ခရမ်းချဉ်သီးတို့ကို ထည့်ပါ။ ဆီ၊ ဆားအနည်းငယ်၊ ပုဇွန်ခြောက်မှုန့်တို့ကို ထည့်၍ ချက်ပါ။ အနည်းငယ် ကြာသောအခါ ဆန်မှုန့်ရည်ကို ထည့်ပါ။

ဒယ်အိုး ဖြင့်ချက်ထား ပုံ

ဒယ်အိုးအတွင်း ချက်ပြုတ်ထားပုံ။ ပင်စိမ်းရွက် မထည့်ခင် အနေအထား

၇။ မျှစ်စိမ်ကျက်သည် အထိ ရေအနည်းငယ်ထည့်၍ တည်ပါ။ မျှစ်စိမ်းဟင်းကို သောက်ဆန်းအနေဖြင့် စားသုံးနိုင်သည့် အခြေအနေသို့ ရောက်ရှိပါက ဟင်းအိုးကို မီးပိတ်၍ မျှစ်စိမ်းဟင်းရည်ကို စားသုံးမည့် ပန်းကန်အတွင်း ထည့်ပါ။ ထို့နောက် ရေဆေးထားသော ပင်စိမ်း သို့မဟုတ် ရှမ်းနံနံများ ထည့်၍ သုံးဆောင်နိုင်ပါသည်။

မျှစ်ဆတ်ဟင်း ပုံလေးပါ

မျှစ်ဆတ်ဟင်းတစ်ခွက် ရရှပါပြီ

Comments are closed.