fbpx

ပိန်းနှဲသီးဆူးပုတ်ဟင်း

ပိန်းနှဲသီးဆူးပုတ်ဟင်း

အများအားဖြင့် ဆူးပုတ်ရွက်ကို ကြက်ဥနဲ့ကြော်ပြီးချက်စားတတ်ကြတဲ့အပြင် ဟင်းချိုအနေနဲ့ ချက်စားတတ်ကြပေမဲ့ ပိန်းနှဲသီးနုနုလေးနဲ့ ချက်စားလို့ရတယ်ဆိုတာကို ဟင်းချက်ဝါသနာရှင် များကို တင်ပြပေးချင်ပါတယ်။ ပိန်းနှဲသီး၊ ဆူးပုတ်ဟင်းလေးဟာ ဝါတွင်းကာလမှာ သားသတ် လွတ်စားတဲ့ပုဂ္ဂိုလ်များအတွက် စားသုံးလို့ရမည့် ဟင်းတစ်မယ်လည်းဖြစ်ပါတယ်နော်။

ပိန်းနှဲသီး၊ ဆူးပုတ်ဟင်းအတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့-

  • ပိန်းနှဲသီး ၂ ကွင်း
  • ဆူးပုတ် ၂ စည်း
  • ကြက်သွန်နီ ၁ လုံး
  • ခရမ်းချဉ်သီး ၁ ခြမ်း
  • အရောင်တင်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  • ဆီ ဟင်းစားဇွန်း(၂)ဇွန်း
  • ဆား အနည်းငယ်
  • ဟင်းချိုမှုန့် သို့မဟုတ် ဟင်းခတ်မှုန့် အနည်းငယ်လိုအပ်မှာဖြစ်ပါတယ်။
ပြုလုပ်ပုံ အဆင့်အဆင့်

ပိန်းနှဲသီး၊ ဆူးပုတ်ဟင်း မချက်ခင်မှာ ပိန်းနှဲသီးကို အလယ်အူများ ဖယ်ပြီး အတုံးငယ်များတုံး၍ ရေဆေးထားပါ။ ပိန်းနှဲသီးစိမ်းက အရမ်းနုတယ်ဆိုရင်တော့ အလယ်အူက ခပ်သေးသေးပဲပါ တာဖြစ်တဲ့အတွက် ထည့်ချက်ရင်လည်း အဆင်ပြေပါတယ်နော်။

ဆူးပုတ်ရွက်များကို အရိုးအရင့်များနှင့် အရွက်ကြမ်းများ ဖယ်ထားပြီး အရွက်နုလေးများကို ရေဆေး၍ စစ်ထားပါ။

ကြက်သွန်နီ၊ ခရမ်းချဉ်သီးတို့ကို ရေဆေး၍ အသင့်လှီးဖြတ်ထားပါ။

ပိန်းနှဲသီး၊ ဆူးပုတ်ဟင်း ချက်မည့်အိုးထဲသို့ ဆီထည့်ပါ။ ဆီပူလာပါက လှီးဖြတ်ထားသော ကြက်သွန်နီ၊ ခရမ်းချဉ်သီးတို့ကို ထည့်၍ ဆီသတ်ပါ။

ကြက်သွန်နီနှင့် ခရမ်းချဉ်သီးများ နွမ်းလာပါက အရောင်တင်မှုန့်ထည့်ပါ။

ငရုတ်သီး အရောင်တက်လာပါက လှီးထားသော ပိန်းနှဲသီးများ ထည့်၍ နှံ့အောင်မွှေပြီး ရေ ဖန်ခွက်(၂)ခွက်စာခန့် ထည့်၍ အဖုံးအုပ်ထားပါ။ ၁၀ မိနစ်ခန့်ကြာပြီးနောက် ပိန်းနှဲသီးများ နူးအိလာပါက ဆူးပုတ်ရွက်များ ထည့်ပြီး အဖုံးဖွင့်ထားပါ။(အစိမ်းရောင်ရှိသော အရွက်များကို အဖုံးအုပ်ချက်ပြုတ်ပါက မူလအစိမ်းရောင်ထက် အ‌ရောင်ဖျော့သွားလို့ပါနော်)။

ပိန်းနှဲသီးဟင်းထဲသို့ ဆူးပုတ်ရွက်ထည့်ပြီး ရေနည်းပါက ရေဖန်ခွက် တစ်ဝက်ခန့်ထည့်ပါ။ ဆား၊ အချိုမှုန့် သို့မဟုတ် နှစ်သက်ရာဟင်းခတ်မှုန့်များ ထည့်၍ ပွက်ပွက်ဆူအောင် အချိန် ၅ မိနစ်ခန့် ထားပါ။

ထို့နောက် ဆီကျန်ရေကျန်အနေအထားဖြစ်ပြီ အရသာအနေအထားကလည်း သင့်ပြီဆိုရင်တော့ မီးပိတ်၍ ပိန်းနှဲသီး၊ ဆူးပုတ်ဟင်းကို သုံးဆောင်နိုင်ပြီဖြစ်ပါသည်။ ပိန်းနှဲသီး၊ ဆူးပုတ်ဟင်းကို သရက်သီးစပ်ချဉ်ထောင်းနဲ့ တွဲဖက်စားသုံးပါက လိုက်ဖက်တဲ့ ဟင်းတွဲဟင်းစပ်ဖြစ်လို့ စားမြိန်တဲ့ ဟင်းတစ်ခွက်ဖြစ်မှာသေချာပါကြောင်း တင်ပြလိုက်ရပါတယ်နော်။

Comments are closed.