fbpx

ကင်းပုံသီးမျှစ်ကြော်

ကင်းပုံသီးမျှစ်ကြော်

ကင်းပုံသီးဆိုရင် အချိုနဲ့အခါးဆိုပြီး (၂)မျိုးရှိပါတယ်။ ကင်းပုံသီးအခါးမျိုးက မြန်မာ့ဆေးကျမ်း များရဲ့‌ဖော်ပြချက်အရ  အလွန်ခါးတယ်၊ အေးပြီး ဝမ်းသက်စေတယ်၊ ချောင်းဆိုးသွေးအန်ခြင်းနှင့် သွေးကျခြင်းကိုပျောက်စေတယ်၊ ခန္ဓာကိုယ်ကြီးထွားသန်မာမှု၊ အရိုးနှင့်သွားများတည်ဆောက်မှု ကို အားပေးတယ်၊ အာရုံကြောများကို လန်းဆန်းစေတယ်၊ သလိပ်နှင့်လေကိုကြေစေတယ်၊ ဆီးချိုရောဂါရှိသူများနဲ့ သင့်လျော်တယ်၊ အညစ်အကြေး ဆီး ၊ဝမ်းများကို သက်စေတယ်လို့ ဖော်ပြ ထားတာကိုတွေ့ဖူးပါတယ်။

အခုချက်မည့် ကင်းပုံသီးမျှစ်ကြော်မှာတော့ ကင်းပုံသီးအခါးကိုပဲ အသုံးပြုသွားမှာပါ။ အစာလည်း ဆေး၊ ဆေးလည်းအစာဆိုသလိုနှုတ်မြိန်ပြီး ဆေးဖက်လည်းဝင်ပြီး စားလို့မြိန်မည့် ကင်းပုံသီးမျှစ် ကြော်ချက်နည်းလေးကို တင်ပြလိုက်ပါတယ်နော်။

ကင်းပုံသီးမျှစ်ကြော်ချက်ဖို့ဆိုရင် လိုအပ်တဲ့ ပစ္စည်းတွေကတော့

  • ကင်းပုံသီး (အခါး) ၁၂ လုံးခန့်
  • မျှစ် ၂ ချောင်း
  • ပုဇွန်ခြောက် (အကောင်ကြီး ၆ ကောင်ခန့်)
  • ငရုတ်သီးမှုန့် ဟင်းစားဇွန်း ၁ ဇွန်း
  • ဆီ ၃ ဇွန်းခန့်
  • ဆားအနည်းငယ်
  • အချိုမှုန့်အနည်းငယ်
  • ငပိ ဟင်းစားဇွန်း တစ်ဝက်လိုအပ်မှာဖြစ်ပါတယ်။

ပြုလုပ်ပုံအဆင့်အဆင့်

  1. ကင်းပုံသီးကို ၄ စိတ်ခွဲပြီး အစေ့များထွက်သွားစေရန် ငရုတ်ကျည်ပွေ့ဖြင့် ခပ်ဖွဖွထုပါ။
  2.  ပြီးလျှင် ထုထားသော ကင်းပုံသီးများကို ခွက်တစ်ခုထဲသို့ ထည့်၍ ဆားဖြင့် အမြှုပ်များထွက်လာသည်အထိ လက်ဖြင့်နယ်ပါ။ (ကင်းပုံသီးကို ဆားဖြင့်နယ်၍ ရေများများဖြင့် ဆေးခြင်းဖြင့်  ကင်းပုံသီးတွင် ပါဝင်သော အခါးဓာတ်များ လျော့နည်းသွားမည်ဖြစ်ပါသည်)
  3. ပြီးလျှင် ရေအေးဖြင့် နယ်၍ (၃)ကြိမ် ရေဆေးပြီး ဇကာတစ်ခုဖြင့် ရေစစ်ထားပါ။
  4. မျှစ်များကို မိမိနှစ်သက်သလို လှီးပြီး ရေဖြင့် စင်ကြယ်စွာဆေးထားပါ။
  5. ပုဇွန်ခြောက်များ ရေဆေး၍ ထောင်းထားပါ။
  6. ကင်းပုံသီး မျှစ်ကြော်မည့်ဒယ်အိုးထဲသို့ ဆီထည့်ပြီး ဆီပူလာပါက ငပိ၊ ငရုတ်သီးမှုန့်နှင့် ပုဇွန်ခြောက်အား ဆီသတ်ပါ။ ငပိနံ့မွှေးလာပြီး ငရုတ်ဆီအရောင်တက်လာပါက ရေဆေးထားသော ကင်းပုံသီး၊ မျှစ်တို့ကို ထည့်၍ နှံ့စပ်အောင်မွှေပါ။
  7. ထို့နောက် ရေဖန်ခွက်(၁)ခွက်ခန့်ထည့် အဖုံးအုပ်ပြီး တည်ထားပါ။
  8. ထို့နောက် ဆား၊ အချိုမှုန့်များထည့်၍ အရသာမြည်းကြည့်ပါ။
  9. ရေများခန်း၍ ဆီပြန်လာပါက စားသုံးနိုင်သော ကင်းပုံသီးမျှစ်ကြော်ဟင်း တစ်ခွက် ရရှိပြီဖြစ်ပါသည်။

ကင်းပုံသီးမျှစ်ကြော်ကို ပဲနီလေးနဲ့ပဲကြာဇံဟင်းရည်သောက်၊ မန်ကျီးဖျောသုပ်နဲ့ ဝက်သား သို့မဟုတ် ကြက်သားချက်လေးတွေနဲ့ တွဲဖက်စားသုံးလိုက်ရင် စားမြိန်မှာ သေချာပါတယ်နော်။

Comments are closed.