fbpx

ပဲငပိကြော်

ပဲငပိကြော်

ပဲငပိဆိုရင် ဈေးကွက်ထဲမှာ တရုတ်ပဲငပိနဲ့ ဗမာပဲငပိဆိုပြီး ရှိပါတယ်။ တရုတ်ပဲငပိကတော့ ရှမ်းအစားအစာတွေဖြစ်တဲ့ ရှမ်းခေါက်ဆွဲ၊ မြီးရှည်နဲ့ အခြားတရုတ်အစားအစာတွေမှာ ထည့်သွင်းအသုံးပြုလေ့ရှိပါတယ်။ ဗမာပဲငပိကို အချို့နေရာတွေမှာတော့ ပဲပုတ်ချက်လို့လည်း နေရာဒေသပေါ်မူတည်ပြီး ချက်ပုံချက်နည်းတွေလည်း အနည်းငယ်ကွာခြားပါတယ်။

အခုချိန်မှာတော့ ဈေးကွက်မှာကော ကိုရီးယားမင်းသားမင်းသမီးတွေရဲ့ ဒရမ်မာစီးရီးတွေထဲမှာ စားသောက်ပြနေလို့ ကိုရီယားပဲငပိချဉ်စပ်ဟင်းရည်ကတော့ မသိသူမရှိသလောက်ဖြစ်မှာပါ။

ကျမတို့မုံရွာဒေသဘက်မှာတော့ ရေဦးပဲငပိက အင်မတန်နာမည်ကြီးလှပါတယ်။ ပဲပုတ်ကို ဆားနဲ့နယ်ပြီး အပုတ်ခံပြီး ပြုလုပ်ထားတာဖြစ်လို့ သူ့အနံ့က ကြိုက်တဲ့သူအတွက်တော့ မွှေးပေမဲ့ မကြိုက်တဲ့သူအတွက် အနံ့ပြင်းလွန်းလှပါတယ်။ အညာဒေသဖြစ်တဲ့ ရေဦးမြို့ကထွက်တဲ့ ပဲငပိကို အစိုလည်းချက်စားကြသလို ဂျင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးအကြမ်းမှုန့်တွေနဲ့နယ်ပြီးတော့လည်း ပဲငပိခြောက်လှန်းပြီး ပဲငပိပြားကြော် သို့မဟုတ် ပဲငပိခြောက်ကြော်အနေနဲ့လည်း ပြုလုပ်စားသောက်လေ့ရှိကြပါတယ်။

ဒီနေ့တင်ပြမည့် ပဲငပိချက်ကတော့ ရေဦးမြို့ကထွက်တဲ့ ပဲငပိကို အညာဒေသမှာ အထူးသဖြင့် မုံရွာနယ်တဝိုက်မှာ စားလေ့ရှိတဲ့ ချက်နည်းနဲ့ တင်ပြသွားမှာဖြစ်ပါတယ်။

ပဲငပိချက်ဖို့အတွက်လိုအပ်တဲ့ပစ္စည်းတွေကတော့-

  • ပဲငပိ(၅)ကျပ်သား
  • ဆီဟင်းစားဇွန်း(၆)ဇွန်း
  • ငရုတ်သီးအရောင်တင်မှုန့်လက်ဖက်စားဇွန်း(၁)ဇွန်း
  • ကြက်သွန်နီ(၁)လုံး
  • ခရမ်းချဉ်သီး(အလုံးသေး) ၁ လုံး
  • နံနံပင်(သို့မဟုတ်)ပင်စိမ်း (၃)ပင်
  • ငရုတ်သီးစိမ်း ၇ တောင့်
  • အချိုမှုန့်(သို့မဟုတ်)ဟင်းခတ်မှုန့်အနည်းငယ်
  • ဆားအနည်းငယ်လိုအပ်မှာဖြစ်ပါတယ်။

ပြုလုပ်ပုံအဆင့်ဆင့်

  1. ကြက်သွန်နီ၊ ခရမ်းချဉ်သီးများကို ရေဆေးပြီး လှီးထားပါ။
  2. နံနံပင် သို့မဟုတ် ပင်စိမ်းများ၊ ငရုတ်သီးစိမ်းများရေဆေးပြီး လှီးထားပါ။
  3. ပဲငပိချက်မည့် ဒယ်အိုးထဲသို့ ဆီများထည့်ပြီး ဆီပူလာပါက လှီးထားသော ကြက်သွန်နီ၊ ခရမ်းချဉ်သီးများ၊ ငရုတ်သီးအရောင်တင်မှုန့်များထည့်ပြီး ဆီသတ်ပါ။ ဆီပြန်လာပါက ပဲငပိထည့်ပြီး အထက်အောက်နှံ့အောင်မွှေပါ။ ထို့နောက် ရေတစ်ဝက်ခန့်(ဖန်ခွက်)ထည့်ပြီး အဖုံးအုပ်၍ တည်ထားပါ။
  4. ရေခမ်း၍ ဆီပြန်လာပါက နံနံပင် သို့မဟုတ် ပင်စိမ်းနှင့် ငရုတ်သီးစိမ်းများ၊ ဆား၊ အချိုမှုန့်တို့ကို ထည့်ပြီး အရသာမြည်းစမ်းကြည့်ပါ။ အရသာအဆင်ပြေပြီး ဆီပြန်လာပါက မီးပိတ်၍ ပဲငပိချက်ကို စားသုံးနိုင်ပြီဖြစ်ပါတယ်။

ပဲငပိချက်နဲ့ လိုက်ဖက်တဲ့ ဟင်းအတွဲအစပ်လေးကတော့ ချဉ်ပေါင်နဲ့ မျှစ်၊ ရုံးပဒေသီးချဉ်ရည်ဟင်းလေးရယ်၊ ငါးဖယ်ကြော်လေးရယ်၊ မှိုကန်စွန်းကြော်လေးရယ် တွဲဖက်စားသုံးလိုက်ရင်တော့ စားမြိန်မှာသေချာပါတယ်နော်။

 

Comments are closed.