fbpx

ပုဇွန်ခြောက်ငရုတ်သီးကြော်

ပုဇွန်ခြောက်ငရုတ်သီးကြော်

အချို့သော လူတွေက အစပ်လည်းစားချင်တယ်၊ အများကြီးလည်း မစားနိုင်ကြဘူးဆိုတဲ့သူတွေ အတွက် ပုစွန်ခြောက်ငရုတ်သီးကြော်နည်းလေးကို မျှဝေချင်ပါတယ်နော်။ ပုစွန်ခြောက်ရဲ့ အချို  ဓာတ်ကြောင့် ငရုတ်သီးက အရမ်းကြီးမစပ်တော့ဘဲ ခပ်စိမ့်စိမ့်လေးဖြစ်တာကြောင့် စားပြီးရင် လည်း ဆက်စားချင်နေမှာပါနော်။

ငရုတ်သီးရွေးချယ်မှုကလည်း အရေးကြီးပါတယ်နော်။  ငရုတ်သီးအတောင့်ရှည်မျိုးက စပ်ပေမဲ့ စားပြီးရင် ရင်ထဲမှာ ပူလောင်မှုသိပ်မရှိပေမဲ့ ငရုတ်သီးအပု အသေးမျိုး (တစ်ချို့ကလည်း မိုးပေါ် ကို ထောင်ပြီးသီးလို့ မိုးမျှော်ငရုတ်သီးလို့လည်းခေါ်သေးတယ်) ကတော့ စားပြီးရင် ပူလောင်တဲ့ အရသာကိုပါ ခံစားရလေ့ရှိတာမို့ ငရုတ်သီးရွေးချယ်စားသုံးဖို့လည်း လိုအပ်ပါတယ်နော်။

ဒီနေ့တင်ပြမည့် ပုစွန်ခြောက် ငရုတ်သီးကြော်မှာဆိုရင် ငရုတ်သီးအတောင့်ရှည်မျိုးကို ကြိတ်ပြီး ရလာတဲ့ ငရုတ်သီးမှုန့်ကို အသုံးပြုသွားမှာပါနော်။

ကျမကတော့ ငရုတ်သီးမှုန့်ကိုသုံးရင် ငရုတ်သီးအတောင့်ကို သေချာရွေးချယ်ပြီး ဝယ်ထားတယ်။ ပြီးရင် နေပူပူမှာ ကြွပ်နေအောင် အခြောက်လှန်းတယ်။ ငရုတ်သီးမှာ မှိုမပါအောင်လို့ အတတ်နိုင် ဆုံးသန့်စင်ပြီးမှပဲ ပြန်ကြိတ်ပြီးသုံးလေ့ရှိပါတယ်။

ပုစွန်ခြောက် ငရုတ်သီးကြော်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့

  • ကြက်သွန်နီ(၃)လုံး
  • ပုဇွန်ခြောက်အကောင်ကြီး(၁၀)ကောင်
  • ငရုတ်သီးအကြမ်းမှုန့်ဟင်းစားဇွန်း(၃)ဇွန်း
  • ဆားအနည်းငယ်
  • ဟင်းချိုမှုန့်အနည်းငယ်
  • ဆီ ဟင်းစားဇွန်း(၅)ဇွန်း

ပြုလုပ်ပုံအဆင့်ဆင့်

  1. ကြက်သွန်နီကို အခွံနွှာ ရေဆေးပြီး ပါးပါးလှီးထားပါ။
  2. ပုစွန်ခြောက်ကို ရေစိမ်ပြီး မွနေအောင် ထောင်းထားပါ။
  3. ဒယ်အိုးထဲသို့ ဆီထည့်ပြီး ဆီကျက်ပါက လှီးထားသော ကြက်သွန်နီများထည့်ပြီး ကြွပ်အောင် ကြော်ပါ။(ကြက်သွန်နီကိုကြော်နေတဲ့အချိန်မှာတော့ တူးမသွားအောင် သတိထားဖို့လိုပါတယ်။) အဝါရောင်သန်းပြီဆိုရင်တော့ ထောင်းထားတဲ့ပုဇွန်ခြောက်တွေထည့်ပြီး နှံ့အောင်မွှေပါ။
  4. ပုစွန်ခြောက်ထောင်းများ အနံ့မွှေးလာပါက ငရုတ်သီးအကြမ်းမှုန့်များကို ထည့်ပြီး မီးပြင်းပါက မီးပိတ်ထားပြီး ကြက်သွန်နီကြော်၊ ပုစွန်ခြောက်ထောင်းနှင့် ငရုတ်သီးအကြမ်းမှုန့်တို့ကို ပေါင်းစပ်သွားစေရန် နှံ့အောင် မွှေပြီး ဆား၊ အချိုမှုန့်ထည့်ပြီး ငရုတ်သီးအကျက်လိုပါက ကျက်အောင် ထပ်ကြော်ပါ။(မီးအပူရှိန်များရင်တော့ ဒယ်အိုးမှာ ကျန်တဲ့အပူရှိန်နဲ့ပဲ ငရုတ်သီးက တခါတရံ တူးသွားတတ်လို့ သတိထားပါနော်)
  5. ဒါဆိုရင်တော့ ပုဇွန်ခြောက်ငရုတ်သီးကြော်ကို သုံးဆောင်နိုင်ပါပြီနော်။

ပုစွန်ခြောက်ငရုတ်သီးကြော်နဲ့ လိုက်ဖက်တဲ့ ဟင်းတွဲလေးတွေကတော့ ကြက်သားဗူးသီးချက်၊ ကြက်သားအာလူး၊ ဝက်အာလူးချက်နဲ့ ပုစွန်ခြောက်ငရုတ်သီးကြော်လေးနဲ့ ဂေါ်ဖီထုပ်ဟင်းချိုလေးကို ငရုတ်ကောင်းလေးခပ်ပြီး စားလိုက်ရင်တော့ စားမြိန်မှာ သေချာပါတယ်နော်။

 

Comments are closed.