fbpx

ရှောက်သီးသုပ်

ရှောက်သီးသုပ်

ကျမတို့ မြန်မာလူမျိုးတွေဟာ ချဉ်၊ ငန်၊ စပ် အသုပ်တွေကို နှစ်သက်စွာ စားသုံးလေ့ရှိကြပါ တယ်။ လူတစ်ချို့ကလည်း စိန်၊ရွှေတွေ ဝတ်ထားလို့ သွားရည်မကျပေမဲ့ အချဉ်မြင်ရင်တော့ သွားရည်ကျတယ်လို့လည်း ပြောတတ်ကြသေးတယ်။

ကျမတို့နေ့စဉ်စားသောက်တဲ့ အစားအစာတွေဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက် တွေ ဖြစ်မှသာ ကျမတို့ရဲ့ ခန္ဓာကိုယ်ကို အထောက်အကူပြုမှာဖြစ်ပါတယ်။

ဒီနေ့မှာတော့ ရှောက်သီးသုပ်နည်းလေးကို ဝေမျှပေးချင်ပါတယ်။ နေမကောင်းဖြစ်ပြီး နလန်ပြန်ထခါစ လူတွေက အစားအသောက်မစားချင်လောက်အောင် ခံတွင်းပျက်နေပြီဆိုရင် တော့ ခံတွင်းတွေ့သွားအောင် ရှောက်သီးလေးကို ချဉ် ငန် စပ်သုပ်လေး သုပ်စားလိုက် ပါလားလို့လည်း အကြံပေးလေ့ရှိကြပါတယ်။

ရှောက်သီးဟာ ဗီတာမင်စီ ကြွယ်ဝစွာပါဝင်ပြီး အသီးဖြစ်ပါတယ်။ မြန်မာ ဆေးကျမ်း များ အရ ရှောက်သီးဟာနှလုံးကိုကြည်လင်စေပြီး သွေးသားကို သန့်ရှင်းစေတယ်၊ အစာကြေလွယ် စေတယ်၊ စိတ်ကိုပေါ့ပါးလန်းဆန်းစေပြီး မောပန်းခြင်းကို ပျောက်စေတယ်၊ ချောင်းဆိုးနာဖြစ်ခြင်း၊ ခံတွင်းမတွေ့နှုတ်မမြိန်ခြင်း ၊ အော့အန်ခြင်း ၊ အသံပျက်ခြင်း ၊ ဝမ်းကြောတင်းခြင်း ၊ အဖု အလုံး ပေါက်ခြင်းများကိုသက်သာစေနိုင်တဲ့အပြင် သလိပ်ကို ကြေ စေပြီး  ပျားရည်၊ ရှောက်ရည်၊ ဇဝက်သာ သုံးမျိုး ရောသောက်သုံးပေးလျှင် ချောင်းဆိုး၊ ရင်ကျပ်၊ သလိပ်ကပ်၊ ပန်းနာ ပျောက်ကင်းစေနိုင်တယ်လို့လည်း လေ့လာမှတ်သားဖူးပါတယ်။

ရှောက်သီးသုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့-

  • ရှောက်သီးတစ်ခြမ်း ( အလုံးကြီးရင်တော့ တစ်စိပ်လောက်သာ သုံးသင့်ပါတယ်)
  • ကြက်သွန်နီ(၅)လုံး
  • မြေပဲဆံကြော် ဟင်းစားဇွန်း(၂)ဇွန်းအနည်းငယ်
  • ပုဇွန်ခြောက် လက်ဖက်စားဇွန်း(၁)ဇွန်းအနည်းငယ်
  • ငပိဖုတ် အနည်းငယ်
  • ငရုတ်သီးကြော်ထောင်း
  • ငရုတ်သီးစိမ်း(၅)တောင့်
  • ကြက်သွန်ဖြူဆီချက် ဟင်းစားဇွန်း(၄)ဇွန်းတို့ လိုအပ်မှာဖြစ်ပါတယ်။

ပြုလုပ်ပုံအဆင့်ဆင့်

  1. ပုစွန်ခြောက်ကို ရေစိမ်ထားပါ။
  2. မြေပဲဆံကြော်ကို မညက်တညက် ထောင်းထာပါ။
  3. ရေစိမ်ထားသော ပုဇွန်ခြောက်ကို ထောင်းထားပါ။
  4. ​ ရှောက်သီးကို အခွံနွှာပြီး အမွှာလေးတွေ မွှာထားပါ။
  5. ကြက်သွန်နီ၊ ငရုတ်သီးစိမ်းတို့ကို ပါးပါးလှီးထားပါ။

ထို့နောက် ရှောက်သီးသုပ်မည့် ပန်းကန်ထဲသို့ ရှောက်သီးအမွှာလေးများ၊ ထောင်းထားသော မြေပဲထောင်း၊ ပုဇွန်ခြောက်ထောင်း ငပိဖုတ်၊ပဲကျက်မှုန့် ၊ ငရုတ်သီးကြော်ထောင်း၊ လှီးထားတဲ့ ကြက်သွန်နီနှင့် ငရုတ်သီးအစိမ်း၊ ဆားအနည်းငယ်၊ဟင်းခပ်မှုန့် ၊ကြက်သွန်ဖြူဆီချက် တို့ ထည့်ပြီး နှံ့စပ်အောင် နယ်ပြီး အရသာ မြည်းကြည့်လို့ အဆင်ပြေပါက ချဉ် ငန် စပ်ရှောက်သီးသုပ်လေးကို စားသုံးလို့ရပါပြီနော်။ အချဉ်သိပ်မကြိုက်တဲ့သူတွေအနေနဲ့ကတော့ ရှောက်သီးကို အရည်နည်းနည်း ညှစ်ပြီးမှသုပ်သင့်ပြီး နှစ်ပြန်ကြော် သို့မဟုတ် အကြော်စုံတို့ထည့်ပြီး စားသုံးရင်လည်း ခံတွင်းတွေ့မယ်လို့ ယုံကြည်ပါတယ်။

အညာဒေသတွေမှာတော့ မြေပဲကလည်းပေါတယ်ဆိုတော့ ရှောက်သီးရဲ့ အချဉ်အရသာကို မြေပဲဆံရဲ့ အဆိမ့်ဓာတ်နဲ့ ငပိဖုတ်နဲ့သုပ်တာက ရှောက်သီးသုပ်ကို ပိုပြီးအနံ့မွှေးစေပါတယ်နော်။

ကဲ ဟင်းချက်ဝါသနာရှင်တွေလည်း ရှောက်သီးသုပ်လေးကို ရေနွေးပူပူလေးနဲ့ သုံးဆောင်နိုင်သလို ကြာဆံချက်နဲ့လည်း တွဲဖက်စားသုံးနိုင်ပါတယ်နော်။

 

 

Comments are closed.