fbpx

မန်းကျည်းရွက်နှင့်ဒန့်သလွန်သီးချဉ်ရည်

မန်းကျည်းရွက်နှင့်ဒန့်သလွန်သီးချဉ်ရည်

မန်ကျည်းရွက်ဆိုရင် ချဉ်ရည်ဟင်းချက်စားလို့ရသလို ၊ မန်ကျည်းရွက်သုပ်၊ မန်ကျည်းရွက်ချက်စသဖြင့် ချက်စားလေ့ရှိကြပါတယ်။  ဒန့်သလွန်သီးကိုတော့ ပဲကုလားဟင်းထဲမှာလည်း ထည့်ချက်ကြသလို ဒန့်သလွန်သီးမီးကင်ပြီးတော့လည်း ဟင်းခါးချက်စားကြသလို ငါးနဲ့တွဲဖက်ပြီးတော့လည်းချက်စားလေ့ရှိကြပါတယ်။

ဒီနေ့မှာတော့ အညာဒေသ အထူးသဖြင့် မုံရွာဒေသဘက်မှာ ချက်စားလေ့ရှိတဲ့ မန်ကျည်းရွက် ဒန့်သလွန်သီးချဉ်ရည်ဟင်းချက်နည်းလေးကိုဝေမျှချင်ပါတယ်။

မန်ကျည်းရွက် ဒန့်သလွန်သီးချဉ်ရည်ဟင်းချက်ဖို့အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့-

  • ဒန့်သလွန်သီး ၅ တောင့်
  • မန်ကျည်းရွက် ၁၀ ကျပ်သား
  • ကြက်သွန်နီ ၁ လုံး
  • ငပိ အနည်းငယ်(မန်ကျီးစေ့ ၁ စေ့ခန့်)
  • ဆားအနည်းငယ်
  • အချိုမှုန့်အနည်းငယ်
  • ဆီ ဟင်းစားဇွန်း(၁)ဇွန်းခန့်လိုအပ်မှာဖြစ်ပါတယ်။

ပြုလုပ်ပုံအဆင့်ဆင့်

  1. ဒန့်သလွန်သီးကို လက်သုံးဆစ်ခန့် အရွယ်အစားများဖြတ်၍ အခွံနွှာ ရေဆေးထားပါ။
  2. မန်ကျည်းရွက်ကို အရွက်ကြမ်းများနှင့်အရိုးရင့်များ ဖယ်ထုတ်ပြီး ရေဆေး၍ စစ်ထားပါ။
  3. ကြက်သွန်နီအခွံနွှာပြီး ရေဆေး၍ လှီးထားပါ။
  4. ချဉ်ရည်ဟင်းချက်မည့်အိုးထဲသို့ ဆီထည့်ပြီး ဆီပူလာပါက ငပိထည့်ပြီး ဆီသတ်ပါ။ ငပိအနံ့မွှေးလာပါက လှီးထားသော ကြက်သွန်နီနှင့် ဒန့်သလွန်သီးများ၊ မန်ကျည်းရွက်များထည့်ပြီး အထက်အောက် နှံ့အောင်မွှေ၍ ရေဖန်ခွက်(၃)ခွက်ခန့်ထည့်ပြီး အဖုံးအုပ်၍ ချက်ပါ။
  5. မိနစ်(၂၀)ကြာပြီးနောက် ချဉ်ရည်ဟင်းရည်များပွက်ပွက်ဆူပြီး ဒန့်သလွန်သီးများ နူးအိလာပါက ဆား၊ အချိုမှုန့်ထည့်၍ အရသာမြည်းစမ်းကာ မီးပိတ်၍ သုံးဆောင်နိုင်ပြီဖြစ်ပါတယ်။
  6. မန်ကျည်းရွက်ရဲ့ အချဉ်ဓာတ်ကို ဒန့်သလွန်သီးရဲ့ အဆိမ့်ဓာတ်၊ ကြက်သွန်နီရဲ့ အချိုဓာတ်နဲ့ ငပိတို့ကြောင့် ချဉ်ရည်ဟင်းက အချဉ်မစူးဘဲ စားလို့ကောင်းမှာသေချာပါတယ်နော်။

မန်ကျည်းရွက်ဒန့်သလွန်သီးချဉ်ရည်ဟင်းနဲ့ ဆိတ်သား၊ ကြက်သား၊ ဝက်သားချက်တို့နဲ့ အညာငရုတ်သီးထောင်း၊ ငရံ့ခြောက်ဖုတ်တို့နဲ့ တွဲဖက်စားသုံးမယ်ဆိုရင် လိုက်ဖက်ညီတဲ့ ဟင်းတွဲဟင်းစပ်လေးတွေဖြစ်တာကြောင့် ခံတွင်းမြိန်မှာသေချာပါတယ်နော်။

Comments are closed.