fbpx

ဘူးရွက်ဟင်းချို

ဘူးရွက်ဟင်းချို

ဘူးရွက်ကို သာမန်အားဖြင့် ကြော်စားတတ်ကြလေ့ရှိကြပါတယ်။ ကျမတို့ အညာဒေသ အထူးသဖြင့် မုံရွာနယ်ဘက်မှာ ချက်စားလေ့ရှိတဲ့ ဘူးရွက်ဟင်းချို ချက်နည်းလေးကို ဟင်းချက်ဝါသနာရှင်များအတွက် ဝေမျှချင်ပါတယ်။

ဘူးရွက်ဟင်းချိုကတော့ ချက်ရတာလည်း လွယ်ကူသလို ဆီပါဝင်မှုလည်း နည်းပါတာမို့လို့ ကျန်းမာရေးအတွက်လည်း ပိုပြီးသင့်တော်ပါတယ်နော်။ ဘူးရွက်ဟင်းချို ချက်ဖို့အတွက် လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့ -

  • ဘူးရွက်(၂)စည်း
  • နံနံပင်(၁)တစ်စည်း
  • ငပိ မန်ကျည်းစေ့ခန့်
  • ပုဇွန်ခြောက် လက်ဖက်စားဇွန်း(၁)ဇွန်း
  • ကြက်သွန်နီ(၁)လုံး
  • ဆားအနည်းငယ်
  • ဟင်းခပ်မှုန့် (သို့) ဟင်းချိုမှုန့်အနည်းငယ်
  • ဆီ ထမင်းဇွန်း(၁)ဇွန်း

ပြုလုပ်ပုံအဆင့်ဆင့်

  1. ပထမဆုံးအနေနဲ့ ဘူးရွက်ကို အရိုးရင့်များ၊ အရွက်ကြမ်းများကို ဖယ်ရှားပါ။ ဈေးကဝယ်လာတဲ့ ဘူးရွက်တွေမှာလည်း ဘူးသီးအနုအသေးလေးတွေလည်းပါလာတတ်တာမို့ အဲ့ဒီအသီးနုလေးတွေလည်း ထည့်ချက်လို့ရပါတယ်နော်။ ဒါ့အပြင် နှာမောင်းတံ(ဘူးနွယ်)လေးတွေကိုလည်း ထည့်ပြီးချက်လို့ရပါတယ်နော်။
  2. ဘူးရွက်၊ ဘူးညွန့်များ သင်ပြီးရင်တော့ ရေဆေးပြီး စစ်ထားပါ။ နံနံပင်ကို အမြစ်များ၊ သဲများ၊ အမှိုက်များ မပါရှိအောင် သန့်စင်၍ ရေဆေးထားပါ။
  3. ကြက်သွန်နီကို အခွံနွှာ ရေးဆေးပြီး လေးစိတ်ခွဲပြီး လှီးထားပါ။ ပုစွန်ခြောက်ကို ရေစိမ်ထားပါ။
  4. ဘူးရွက်ဟင်းချို ချက်မည့် အိုးထဲသို့ ရေဖန်ခွက်(၃)ခွက်၊ ငပိ ၊ ကြက်သွန်နီ၊ ပုစွန်ခြောက်နှင့် ဆီတို့ကို ထည့်ပြီး မီးပြင်းပြင်းဖြင့် မိနစ် ၂၀ ခန့် ပွက်ပွက်ဆူအောင် တည်ထားပါ။
  5. ဟင်းရည်များ ပွက်ပွက်ဆူပြီး အနံ့များ မွှေးကြိုင်လာကာ ဟင်းအိုးထဲတွင် ရေဖန်ခွက်(၁)ခွက်ခွဲစာခန့် ကျန်ရှိပါက ရေစစ်ထားသော ဘူးရွက်များထည့်ပါ။( ဘူးရွက်ထည့်ပြီးပါက ဟင်းအိုးအဖုံးကို မဖုံးဘဲ ဖွင့်၍ ချက်ပါ။ ဒါမှသာ ဘူးရွက်အရောင်မှာ အစိမ်းရောင်ကို ရရှိမည်ဖြစ်ပါသည်)
  6. ဘူးရွက်များထည့်ပြီး အထက်အောက်မွှေပြီးနောက် ဆား၊ အချိုမှုန့် သို့မဟုတ် ဟင်းခတ်မှုန့်အနည်းငယ်ခပ်ပါ။ ထို့နောက် နံနံပင်ထည့်ပြီး အရသာမြည်းစမ်းကြည့်ပြီး အရသာ အဆင်ပြေပါက ဘူးရွက်ဟင်းချိုကို စားသုံးနိုင်ပြီဖြစ်ပါသည်။

ဘူးရွက်ဟင်းချိုမှာ အဓိကကျတာကတော့ ဟင်းရည်ကို ခပ်ကြာကြာလေး ကျိုရင် ငပိအစိမ်းအနံ့ပျောက်ပြီး မွှေးကြိုင်လာသည်အထိ ကြိုပေးဖို့လိုမှာဖြစ်ပါတယ်။ ဒါ့အပြင် ဟင်းရည်ထဲကို ဘူးရွက်ထည့်ပြီး ငါးမိနစ်လောက်ပဲချက်သင့်ပါတယ်နော်။

ဘူးရွက်ဟင်းချိုနဲ့ လိုက်ဖက်တဲ့ ဟင်းတွဲလေးတွေကတော့ ဆိတ်သားခြောက်ဆီပြန်ဟင်း ၊ ဆိတ်သားဟင်း၊ ဝက်သားဆီပြန်ချက် ၊ နှမ်းဖတ်ချဉ်သုပ်လေးတွေနဲ့ တွဲဖက်စားသုံးရင် စားမြိန်ပြီး ခံတွင်းတွေ့မှာ သေချာပါတယ်နော်။

ကဲ ဟင်းချက်ဝါသနာရှင်တွေလည်း လိုက်ဖက်တဲ့ ဟင်းတွဲလေးတွေ ချက်ပြုတ်စားသုံးကြည့်လိုက်တော့နော်။

 

Comments are closed.