fbpx

ငါးပိုးကြော်

ငါးပိုးကြော်

ငါးပိုးက ရာသီမရွေး ရရှိနိုင်တဲ့အစားအစားမျိုးမဟုတ်ဘဲ သီတင်းကျွတ်မှ တန်ခူး၊ ကဆုန်လအထိ ရနိုင်တဲ့ ရာသီစာ အစားအစာလေးပါ။ ငါးပိုးက မျှင်ကောင်လိုမျိုး၊ တွင်းပိုးလိုမျိုး အကောင်သေးသေးလေးမို့ ခြင်ထောင်ပိုက်နဲ့ ဆွဲချပြီး ဖမ်းကြသလို အချို့ကလည်း ယက်သဲ့လို့ခေါ်တဲ့ဇကာနဲ့တိုက်ဖမ်းတယ်လို့ သိရှိမှတ်သားရပါတယ်။

ငါးပိုးကို မုံရွာ၊ စစ်ကိုင်းတစ်ဝိုက်မှာပဲ ရရှိနိုင်ပြီး အဲ့ဒီ ငါးပိုးဆိုတာ သဘာဝအတိုင်းရတဲ့ သေးသေးမှုံမှုံအင်းဆက်ပိုးတစ်မျိုးဖြစ်ပါတယ်။  ဒါ့ကြောင့် မန္တလေး-စစ်ကိုင်း-မုံရွာလမ်းမှာရှိတဲ့ ညောင်ပင်ဝန်းထမင်းဆိုင်တန်းတွေမှာ တခါပြင် ထမင်းဆိုင်တွေမှာ အတော်များများတွေ့ရလေ့ရှိပါတယ်။

ဒီတော့ အဲ့ဒီငါးပိုးကို ဘယ်လိုကြော်မလဲ ကြည့်ရအောင်နော်။

ငါးပိုးကြော်အတွက် လိုအပ်တဲ့ပစ္စည်းတွေကတော့-

ငါးပိုး  ၁၀ သား

ကြက်သွန်ဖြူ  ၁၀မွှာ

ဂျင်း လက်တစ်ဆစ်ခန့်

အချိုမှုန့် အနည်းငယ်

ဆားအနည်းငယ်

ဆီတို့လိုအပ်မှာဖြစ်ပါတယ်။

ငါးပိုးကြော်ပြုလုပ်နည်း

ငါးပိုးဟာ အကောင်အင်မတန်သေးလွန်းတာကြောင့် သူ့နဲ့အတူပါလာမည့် အမှိုက်တွေ၊ သဲ၊ ခဲတွေစင်အောင် အထူးဂရုစိုက်ပြီး ရေနဲ့ အထပ်ထပ်အခါခါ ဆေးပါ။

ငါးပိုးကို ခဲ၊ သဲ၊အမှိုက်တွေ ဖယ်ပြီး ရေအထပ်ထပ်နဲ့ဆေးကြောပြီးရင် ငရုတ်ဆုံထဲကို ထည့်ပြီး မညက်တညက် ထောင်းပါ။

 ဂျင်း၊ ကြက်သွန်ဖြူကိုလည်း ထောင်းပါ။

ထောင်းထားသော ငါးပိုး၊ ကြက်သွန်ဖြူ၊ ဂျင်းများကို ရောနှောပြီး ဆား၊ အချိုမှုန့်များ ထည့်၍ နှံ့စပ်အောင်နယ်ပါ။

ထို့နောက် ငါးဖယ်လုံးကဲ့သို့ အလုံးများဖြစ်စေ၊ အပြားလိုက်ဖြစ်စေ နှစ်သက်ရာပုံစံဖြင့်  ပြုလုပ်ထားပါ။

အိုးထဲသို့ ဆီများများထည့်ပြီး ဆီပူလာပါက ငါးပိုးလုံး/ပြားများကို ထည့်ပြီး မီးအလယ်အလတ်ဖြင့် ကြော်ပါ။ ငါးပိုးကြော်တဲ့နေရာမှာ မီးအပူရှိန်ပြင်းရင် ငါးပိုးတွေက တူးပြီး ခါးတတ်တာကို သတိပြုပါ။

ငါးပိုးများ အနည်းငယ်ကြွပ်လာပြီဆိုရင်တော့ ငါးပိုးကြော်လေးရပါပြီ။

ငါးပိုးကြော်ရဲ့အရသာက ပုရစ်ကြော်လိုပဲ ခပ်စိမ့်စိမ့်လေးမို့လို့ စားပြီးရင်း ထပ်စားချင်ပါတယ်။ ငါးပိုးကြော်က သွေးတက်တဲ့အတွက် သွေးတိုးရောဂါရှိသူများအနေဖြင့် ဂရုပြုစားသင့်ပါတယ်။

ငါးပိုးကြော်ကို ဒီအတိုင်းစားလို့ရသလို ခရမ်းချဉ်သီးနဲ့လည်း ငါးဖယ်ကြော်ချက်သလို ချက်စားလို့ရပါတယ်။

ဂျင်း၊ ကြက်သွန်ဖြူအနံလေးမွှေးနေတဲ့ ငါးပိုးကြော်လေးကို မြန်မာ့လက်ဖက်ရည်ကြမ်း(ရေနွေးကြမ်း)လေးတွဲဖက်ပြီး စားလို့ကတော့ ကြော်ထားသမျှအကုန်ပြောင်မယ်ထင်ပါနော်။

ကဲ ငါးပိုးပေါ်တဲ့အချိန်ဆိုရင်တော့ လက်မနှေးဘဲ ဝယ်ပြီး ကြော်စားလိုက်ကြတော့နော်။

Comments are closed.